ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

 02/14/2019 - 16:58

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကျင်းပ

 

တောင်ကြီး    ဖေဖော်ဝါရီ  ၁၄

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ဖေဖော်ဝါရီလ (၁၄)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (   ၂၅   ) ဦး တို့ အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ( ၂၅  )ဦးရှိပြီး အစည်းအဝေးသို့ (၁၁၅) ဦး  တက်ရောက်သဖြင့် ( ၈၂.၁၄ )%  ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတုတ္ထနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၆) ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၈)ခု မေးမြန်း ရာ ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ) ဦးညီလေးချမ်းက “တောင်ကြီးမြို့၏ လူစည်ကားရာနေရာများတွင် သူဖုန်းစားများ၊ အသက်(၁၀)နှစ်အောက် ကလေးငယ်များနှင့် မသန်စွမ်းများ လူနေမှုဘဝ တိုးတက်မြင့်မား လာစေရန် စီမံဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် ကလည်းကောင်း၊ ကျောက်မဲ မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “ ရှမ်းပြည်နယ်အတွင်း သတ္တုတူးဖော်ရေး စီမံကိန်းလုပ်ငန်းများတွင် သီးခြားရန်ပုံငွေ(၄)ရပ်”နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ လည်းကောင်း၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရပ်စောက်မြို့နယ်တွင် ECCD သင်တန်းဆင်းပြီး တာဝန် ထမ်းဆောင်လျက်ရှိသော မူလတန်းကြိုကျောင်းဆရာမ(၇)ဦးအား တရားဝင်နိုင်ငံ့ဝန်ထမ်း အဖြစ် ခန့်အပ်ရန်အစီအစဉ် ရှိ/မရှိ”၊ “ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုအား ပင်ဖြစ်မြို့အဖြစ် တိုးမြှင့်သတ်မှတ်ပေးနိုင်ရန် အဆိုအပေါ် ဆောင်ရွက်ထားရှိမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး တို့မှလည်းကောင်း၊ ကွတ်ခိုင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်မွန်းက “ ကွတ်ခိုင် မြို့နယ်၊ မိုင်းယုကျေးရွာအုပ်စု၊ မန်တုံကျေးရွာ၊ ပန်ကိုင်-ပန်လော့ကျေးရွာအုပ်စု၊ မန်နိမ်းအွန်ကျေးရွာအုပ်စုနှင့် မန်းပူးကျေးရွာအုပ်စု၊ လုံကန်ကျေးရွာကြားရှိ မြေသားလမ်းကို ကျောက်ဗြုန်းလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ”၊ “ကွတ်ခိုင်မြို့နယ်၊ မိုင်းယုနှင့် မန်နိမ်းအွန်ကျေးရွာအုပ်စုရှိ ကျေးရွာ(၇)ရွာကို ဆက်သွယ်သည့်ကျေးရွာချင်းဆက် မြေသားလမ်း(၅/၀)မိုင်ကို ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ မိုင်းခတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအားမဲက “ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာအသီးသီးတွင် အရန်မီးသတ် ရေလှောင်ကန်တည်ဆောက်ပေးနိုင်မှု အစီအစဉ်ရှိ/ မရှိ”နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး မှလည်းကောင်း၊ ကလောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်က “ ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်ထားသော ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းမည်မျှရှိပြီး၊ တရားမဝင် ယာဉ်များပြေးဆွဲနေမှုအား အရေးယူဆောင်ရွက်နေမှု”နှင့် စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး မှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

၎င်းနောက် ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး တင်သွင်းသည့် “ရှမ်းပြည်နယ်တွင်းရှိ သယံဇာတထုတ်ယူသော စီမံကိန်းလုပ်ငန်းများနှင့် အခြားမည်သည့် စီမံကိန်းလုပ်ငန်းများမဆို သဘာဝ ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု (Environment Impact Assessment)နှင့် လူမှုအကျိုးသက်ရောက်မှု (Social Impact Assessment)စသည့် လုပ်ငန်းစဉ်များ စနစ်တကျလေ့လာဆန်းစစ်ချက်များပြုလုပ်ပြီး ယခင် ထက်ပိုမို၍ ပွင့်လင်းမြင်သာမှုရှိသော အားလုံးပူးပေါင်းပါဝင်မှုဖြင့် အားစိုက်အကောင်အထည် ဖော်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်၊  ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်မိုး၊   လဲချားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျ၊ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးနှင့် မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်းတို့မှ အသီးသီး အကြံပြုဆွေးနွေးခဲ့ကြပြီး အဆိုနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က အဆိုကို မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

ယင်းနောက် အဆိုရှင်က ၎င်း၏အဆိုနှင့်ပတ်သက်၍ အတည်ပြုပေးနိုင်ပါရန် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်ခလုတ်နှိပ်မဲစနစ်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရ ယူရာ  ထောက်ခံမဲ များသဖြင့် ယင်းအဆိုအား အတည်ပြုကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ဆက်လက်၍ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ တင်ပြသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်၊ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရှမ်းပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ လွှတ်တော်သို့ဖတ်ကြားတင်ပြခဲ့ပါသည်။ ၎င်းအစီရင်ခံစာအား လွှတ်တော်မှ မှတ်တမ်း တင်ကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်း အဝေး (စတုတ္ထနေ့)ကို နေ့လယ် (၁၂) နာရီ (၆) မိနစ် အချိန်တွင် ရပ်နားလိုက်ပြီး ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

date for calender: 
Thursday, February 14, 2019 - 16:45

Theme Colors

Please select the following colors to preview different color schemes of the theme.