ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

 02/11/2019 - 17:03

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်

(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

 

တောင်ကြီး    ဖေဖော်ဝါရီ  ၁၁

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ဖေဖော်ဝါရီလ (၁၁)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

         အစည်းအဝေးတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းမိုခမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည်။

         အစည်းအဝေး မတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၂၇ )ဦး တို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြား ပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေးအထမြောက်မှုကို လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာပါသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၁၄၀ )ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၇ )ဦးရှိပြီး အစည်း အဝေးသို့ (၁၁၃ )ဦး တက်ရောက်သဖြင့် ( ၈၀.၇၁ ) %   ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၈)ဦးမှ ကြယ်ပွင့်ပြမေးခွန်း(၁၀)ခု မေးမြန်းရာ ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦးက ကွန်ဟိန်းမြို့နယ်၊ ဝမ်မိုင်- လွယ်ဆိုင်- ဝမ်ပတ်ရွာချင်းဆက် လမ်းပေါ်ရှိ ဝမ်ပတ်သစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက လည်းကောင်း၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က မိုင်းဆတ်မြို့နယ်၊ ကာနကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း ပင်မအဆောင်ကို RC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/ မရှိ”၊ “မိုင်းဆတ်မြို့နယ်၊ နားကောကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ပင်မအဆောင်ကို RC နှစ်ထပ်ကျောင်း ဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်  စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ လည်းကောင်း၊ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဏ်းကနမ့်ဆန်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံချက် ရယူခြင်းမရှိသည့် တင်ဒါအောင်မြင်သော ကုမ္ပဏီများအား အစိုးရအဖွဲ့က မည်ကဲ့သို့ ဆောင်ရွက်မည်နှင့် စပ်လျဉ်းသည့် မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ ပင်းတယမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်း က တောင်ကြီးနှင့် ရွှေညောင် ဘူတာသို့ ခရီးသည်များနှင့် ကုန်စည်များ သယ်ဆောင် ဝင်/ ထွက်သွားလာ နိုင်ခြင်းမရှိသည့်ကိစ္စနှင့်စပ်လျဉ်းသည့်မေးခွန်းအား မေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ရွာငံမြို့နယ်အတွင်းရှိ ရေချမ်းပြင် - ဒုတ္ထိုးရေ - ယုံတောင် ကျေးရွာချင်းဆက်မြေသားလမ်း(၄)မိုင်ကို ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးရန် အစီအစဉ် ရှိ/ မရှိ ”၊ “ရွာငံမြို့နယ်အတွင်းရှိ ရေဦး- ကျောက္ကူပြင်လမ်းခွဲမှ ကျောက်ပိစပ်-ကိုးဆူ-ရေချမ်းပြင် ကျေးရွာချင်းဆက် ကျောက်ချော လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်  အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က “ရှမ်းပြည်နယ် ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ဥပဒေနှင့် ပတ်သက်၍ ဒေသဆိုင်ရာ(မြို့နယ်) ကြီးကြပ်ကွပ်ကဲရေးအဖွဲ့  ဖွဲ့စည်းမှု” နှင့်စပ်လျဉ်း သည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးမှ လည်းကောင်း၊ လဲချားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်ဇေယျက“လဲချားမြို့နယ်ရှိ နမ့်တောင်း ချောင်းဆည်မှ လဲချားမြို့သို့ ရေပေးဝေရေးဆောင်ရွက်နေသည့်လုပ်ငန်း” နှင့်စပ်လျဉ်း သည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း မှ လည်းကောင်း၊ လွိုင်လင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်က “လွိုင်လင်မြို့နယ်၊ မိုင်းပွန်- တိဟေး- ကုန်းပက် လမ်းပေါ်ရှိ သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် အဆင်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/ မရှိ” နှင့်စပ်လျဉ်းသည့်မေးခွန်းအားမေးမြန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှလည်းကောင်း အသီးသီးပြန်လည် ဖြေကြားကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်း များ၏၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများနှင့် စပ်လျဉ်း၍ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသော ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၎င်းနောက် ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် တင်သွင်းသည့် “ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ မြို့နယ်စည်ပင်သာယာရေးကော်မတီများ လေလံပစ်၍ ကောက်ခံလျက်ရှိသော မြို့ဝင် ဘီးခွန်ကြေးများသည် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်ပေါ်လျက်ရှိသဖြင့် နောင် လာ မည့် ဘဏ္ဍာရေးနှစ်များတွင် ကောက်ခံခြင်း(မပြု)ဘဲ ဖျက်သိမ်းပေးပါရန် ရှမ်းပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း”  အဆိုကို သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ကန့်ကွက်ဆွေးနွေးခြင်း၊ မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း က ဝေဖန် ဆွေးနွေးခြင်းနှင့်  မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်တို့က အကြံပြုဆွေးနွေးခြင်း စသည်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး အဆိုနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက အဆိုကို မှတ်တမ်းတင်သင့် ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

ယင်းနောက် အဆိုရှင်က ၎င်း၏အဆိုနှင့်ပတ်သက်၍ အတည်ပြုပေးနိုင်ပါရန် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခဲ့ပြီး စက်ခလုတ်နှိပ် မဲစနစ်ဖြင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ  ကန့်ကွက်မဲ များသဖြင့် ယင်းအဆိုအား မှတ်တမ်းတင်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

ထို့နောက် ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့က နှစ်စဉ်ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ဌာနအသီးသီးမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပြီးစီးမှုအလိုက် အရစ်ကျငွေတောင်းခံသည့်အခါတိုင်း ရှမ်းပြည်နယ်အစိုးရမှ ဖွဲ့စည်းထားသော လုပ်ငန်း အရည်အသွေး စစ်ဆေးရေးအဖွဲ့နှင့် လုပ်ငန်းပြီးစီးမှုစစ်ဆေး ရေးအဖွဲ့တို့၏ ထောက်ခံချက်အပြင် သက်ဆိုင်ရာဒေသခံ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်ပါမှသာ လက်ခံဆောင်ရွက်ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း”အဆိုကိုတင်သွင်းရာ သိန္နီ မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ထောက်ခံဆွေးနွေးကာ ၎င်းအဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် ယင်းအဆိုကို ဖေဖော်ဝါရီလ  (၁၃) ရက်နေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက  ယနေ့ညနေ(၅)နာရီ နောက်ဆုံးထား၍ လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (ဒုတိယနေ့) သည် နေ့လယ် ( ၁၂:၀၅)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပြီး အစည်းအဝေး(တတိယနေ့)ကို ဖေဖော်ဝါရီလ (၁၃)ရက် နံနက်(၁၀)နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။   

date for calender: 
Monday, February 11, 2019 - 16:45

Theme Colors

Please select the following colors to preview different color schemes of the theme.